Events
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Updated At: 2025-06-19 12:03:17
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ “ASEAN-Korea Startup Innovation Week 2025” ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲသို့ အာဆီယံနိုင်ငံများမှ အစပျိုးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပါကြောင်းနှင့် ပြပွဲအတွက် အောက်ပါတို့ကိုဖော်ပြထားပါသည်-
၁။ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ အစပျိုးလုပ်ငန်းရှင်များအကြား တီထွင်ဆန်းသစ်မှု အတွေးအခေါ်များ ဝေမျှနိုင်ရန်၊ အလားအလာရှိသော ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံရှိ အစပျိုးလုပ်ငန်းရှင်များအကြား ကွန်ရက်ခိုင်မာလာစေရန် ရည်ရွယ်၍ ASEAN-Korea Startup Innovation Week 2025 ကို ကျင်းပရခြင်းဖြစ်ကြောင်း၊
၂။ ပြပွဲကို ၂၀-၁၀-၂၀၂၅ မှ ၂၂-၁၀-၂၀၂၅ ထိ ၃ ရက်အား ဆိုးလ်မြို့၌ ကျင်းပမည်ဖြစ်ပြီး ၂၃-၁၀-၂၀၂၅ မှ ၂၄-၁၀-၂၀၂၅ ထိ ၂ ရက်အား အခြားမြို့များရှိ အစိုးရရုံးများနှင့် ပုဂ္ဂလိကလုပ်ငန်းများသို့ သွားရောက်လေ့လာရမည်ဖြစ်ကြောင်း၊
၃။ စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံအသီးသီးအနေဖြင့် လုပ်ငန်းရှင် ၂ ဦး ကို ဆိုးလ်မြို့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများမှတစ်ဆင့် အဆိုပြုပေးစေလိုပါကြောင်း၊ ASEAN Coordinating Committee on Micro, Small and Medium Enterprises (ACCMSME) ထံမှလည်း လုပ်ငန်းရှင်တစ်ဦးစီ ထပ်မံအဆိုပြုပေးရန် တောင်းခံသွားမည်ဖြစ်ကြောင်း၊
၄။ အဆိုပြုလုပ်ငန်းရှင်များသည် Concept Paper ၏ စာမျက်နှာ ၂ တွင် ဖော်ပြထားသည့် အောက်ပါအချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း-
- ကိုရီးယားသမ္မတနိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရန်နှင့် စီးပွားရေးတိုးချဲ့နိုင်ရန် ရည်မှန်းချက်ထားကာ ကြိုးပမ်းနေသည့် အစပျိုးလုပ်ငန်းရှင်များ၊
- သက်တမ်း ၅ နှစ်အောက်ရှိသည့် စီးပွားရေးလုပ်ငန်းဖြစ်ပြီး ဝန်ထမ်းအင်အား ၃၀ ဦးအောက်သာ ခန့်ထားနိုင်ပြီး အခွန်ထမ်းနေသော အစပျိုးလုပ်ငန်းရှင်များ၊
- အင်္ဂလိပ်ဘာသာစကား (C-Level) အား ကျွမ်းကျင်စွာ ပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင်၊ နားလည်နိုင်သော အစပျိုးလုပ်ငန်းရှင်များ၊
- AI ၊ Mobility Tech ၊ Fintech (သို့မဟုတ်) Healthcare Platform အစရှိသည့် နည်းပညာ အသုံးပြုသော ကဏ္ဍများအပါအဝင် လူ့ဘောင်အဖွဲ့အစည်းအား အကျိုးရှိစေမည့် နည်းပညာအသုံးပြု အစပျိုးလုပ်ငန်းရှင်များ။
၅။ ရွေးချယ်ခံရသည့် အစပျိုးလုပ်ငန်းရှင်များအတွက် လေယာဉ်စရိတ်နှင့် တည်းခိုနေထိုင်စရိတ်တို့ကို အာဆီယံ-ကိုရီးယားဗဟိုဌာနမှ ကျခံပေးမည်ဖြစ်ပါကြောင်း၊
၆။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ရွေးချယ်အတည်ပြုခြင်းခံရသည့် အစပျိုးလုပ်ငန်းရှင်များ၏ ပြည့်စုံစွာဖြည့်စွက်ထားသည့် Registration Form ကို ၄-၇-၂၀၂၅ ရက်နေ့တွင် အာဆီယံ-ကိုရီးယား ဗဟိုဌာနသို့ ပေးပို့ပေးရမည်ဖြစ်ကြောင်း။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် အစပျိုးလုပ်ငန်းရှင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အိန္ဒိယနိုင်ငံတွင် တတိယအကြိမ်မြောက် ဉတ္တာပရာဒေ့ရှ်ပြည်နယ်၏ နိုင်ငံတကာကုန်စည်ပြပွဲ (3rd Edition UP International Trade Show) ပြပွဲ ကျင်းပမည်
Date: 25th to 29th September, 2025
(၁၃၈) ကြိမ်မြောက် Canton Fair (138th Canton Fair) ကျင်းပမည်
Date: 15th October to 4th November, 2025